ရန်ကုန်၊ မတ် ၁၆
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်း မြို့နယ်၊ နောင်တော ကျေးရွာ ဝေဖလာ ဒေသရှိ ဧက ၃၀၀ ကျော် ရှိသော ဟွေလုံ စပါးစိုက်ခင်း အနီးတွင် ရွှေလုပ်ကွက်များ လာရောက် လုပ်ကိုင်သဖြင့် ယင်းရွှေလုပ်ကွက်မှ စွန့်ပစ်သော နွံရေများ၊ မျှောမီး သဲစာကျောက်များကြောင့် နွေစပါး စိုက်ပျိုးထားသော လယ်ယာမြေများ ပျက်စီးသွား၍ တောင်သူ လယ်သမားများက တရားစွဲဆိုမည် ဖြစ်ကြောင်း လယ်ပိုင်ရှင် တစ်ဦးဖြစ်သူဒေါ်နန်းခိုင်က ပြောကြားသည်။
ယင်း ရွှေလုပ်ကွက်များကို ကုမ္ပဏီပေါင်း ၂၀ ကျော်က လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး ယင်းရွှေလုပ်ကွက် များကြောင့် လယ်ယာမြေများကို ထိခိုက်သဖြင့် လုပ်ငန်း ရပ်နားရန် ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တရားဝင် စာထုတ်ပြန် ခဲ့သော်လည်း မရပ်နားဘဲ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လယ်သမား ၃၀ ကျော် လုပ်ကိုင်နေသော ယင်းလယ်ယာမြေများတွင် ရွှေလုပ်ကွက်ဖော်ကာ တရားဥပဒေ ဘောင်ကျော် လုပ်ဆောင်နေခြင်းကြောင့် လယ်သမားများ နစ်နာသဖြင့် လယ်သမားများကို ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လယ်သမားများ အရေးကို ဆောင်ရွက်သူ ဒေါ်စန်းစန်းဝင်းက ပြောကြားသည်။
အဆိုပါ ရွှေလုပ်ကွက်များကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံတော် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းတို့က ဆိုသည်။
No comments:
Post a Comment